မတရားကျင့်ခံရသူ ရှမ်းမိန်းကလေးတစ်ဦး ပြန်လည်စွဲချက်တင်ခံရဟု ရှမ်းအမျိုးသမီးရေးရာအဖွဲ့က ကြေညာချက်ထုတ်ပြန်

ရှမ်းပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုတစ်ရပ်တွင် ကျူးလွန်သူမှာ အရေးယူခံရခြင်းမရှိဘဲ ကျူးလွန်ခံရသည့်မိန်းကလေးငယ်သာ ပြန်လည်စွဲချက်တင်ခံနေရကြောင်း ရှမ်းအမျိုးသမီးရေးရာအဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

ကျောက်မဲမြို့နယ်ဇာတိဖြစ်သူ မနန်း--- သည် မူဆယ်မြို့ရှိ ရှင်းဟွာ ကုမ္ပဏီတွင် ထမင်းချက်အလုပ်လုပ်ကိုင်နေခဲ့ပြီး ဌာနတာဝန်ခံဖြစ်သူ မောင်လှစိန်ခေါ် ထိန်မင်ကြည်က မတရားပြုကျင့်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု ရှမ်းအမျိုးသမီးရေးရာအဖွဲ့မှ ယိင်းချယ်ရီက The Ladies News သို့ပြောသည်။

“မတရားကျင့်ပြီး လက်ထပ်ယူမယ်လို့ ကတိပေးတယ်။ ပြီးတော့ ၃ လ တူတူနေပြီး ကိုယ်ဝန်ရှိလာတဲ့ခါကျတော့ ကောင်မလေးကို အားဆေးလို့ လိမ်ပြောပြီး ကိုယ်ဝန်ပျက်ဆေးတိုက်တယ်။ ပြီးတော့ သူအိမ်ပြန်မယ်၊ ၂ လစောင့်ခိုင်းတယ်။ နောက်တော့ ပြန်မလာတော့ဘဲ ဖုန်းဆက်လာတယ်။ သူ့မှာ မိန်းမရှိလို့ လက်မထပ်နိုင်ဘူးတဲ့၊ နစ်နာကြေး သိန်း ၄၀၀ ပေးမယ်တဲ့။ ဒါပေမဲ့ ကတိမတည်ဘူး။ ဒါနဲ့ မိန်းကလေးက ရဲစခန်းမှာတိုင်ပြီး တရားစွဲခဲ့တယ် " ဟု ဆိုသည်။

တရားရင်ဆိုင်နေစဉ်အတွင်း ထိန်မင်ကြည်၏ ယောက္ခမဖြစ်သူ ၂၀၁၅ မေလက မိန်းကလေးကို ၄င်းတို့အိမ်တွငေ် ဖြရှင်းရန် ခေါ်ယူပြီး မိန်းကလေးရောက်သွားသည့်အခါ၌ ၀ိုင်းရိုက်ပြီး အဝတ်အစားပါ ဆွဲချွတ်ခဲ့သဖြင့် မိန်းကလေးမှာ အဝတ်ဗလာဖြင့် ထွက်ပြေးခဲ့ရသည်ဟု ဧပြီလ ၂၇ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

မူဆယ်ရဲစခန်းက အမှုကို လက်ခံခဲ့ပြီး မူဆယ်မြို့နယ်တရားရုံးက ထိန်မင်ကြည်၏ ယောက္ခမကို ရာဇသတ်ကြီး ပုဒ်မ ၄၂၇၊ ၃၂၃ တို့နှင့် စွဲချက်တင်ခဲ့သော်လည်း ရုံးချိန်း အကြိမ် ၃၀ ကျော်ရှိခဲ့ကာ ရဲစခန်းမှ တာဝန်ရှိ ဒုရဲအုပ်သည် တစ်ကြိမ်တစ်ခါမှ ရုံးချိန်းမလာခဲ့ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

ယခုနှစ် မတ်လ ၁၄ ရက်တွင် ထိန်မင်ကြည်၏ ယောက္ခမက မိန်းကလေးကို ပုဒ်မ ၄၄၇၊ ပုဒ်မ ၄၂၇ နယ်မြေကျူးကျော်မှု၊ အကျိုးစီးပွား ပျက်စီးမှုများနှင့် ပြန်လည်တရားစွဲဆိုထားပြီး မြို့နယ်တရားသူကြီးကိုယ်တိုင် လက်မှတ်ထိုးထားမှုကိုတွေ့ရသည့်အတွက် မိန်းကလေးဘက်က ရှမ်းအမျိုးသမီးရေးရာအဖွဲ့ (SWAN) ဆီ တိုင်ကြားထားခြင်းဖြစ်ကြောင်း ယိင်းချယ်ရီက ပြောသည်။

စိုင်းလွင်/The Ladies News Journal