မတရား ကျူးလွန်ခံရသူ အမျိုးသမီးများအမှု အလေးထားဆောင်ရွက်ပေးရန် SWAN တိုက်တွန်း

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူ သက်မပြည့်သေးသည့် သျှမ်းအမျိုးသမီးအမှု ဆောလျင်စွာဆောင်ရွက်ပေးရန် တိုက်တွန်း ချက်ပါရှိသည့်ကြေငြာချက်တစောင်ကို သျှမ်းအမျိုးသမီးရေးရာ လှုပ်ရှား ဆောင်ရွက်ရေးအသင်း SWAN က ကြေငြာချက်တစောင် ထုတ်ပြန်လိုက်သည် ။

မြန်မာပြည်တွင်းလာရောက်နေထိုင်သော တရုတ် စီးပွါးရေးလုပ်ငန်းရှင်က မြန်မာပြည်သူ အပေါ်အကြမ်းဖက် စော်ကားနေခြင်းကို မြန်မာ့တရားစီရင်ရေးစနစ်မှ ထိရောက်သည့် အရေးယူ ဆောင်ရွက်ပေးရန် ပျက်ကွက် သည့်အပေါ် ပြစ်မှုကျူးလွန်သူအား အားပေးအားမြောက် ရာပြုသော တရားစီရင်ရေးစနစ်အဖြစ် ရှုံ့ချကြောင်း SWAN ၏ ကြေငြာချက်တွင် ဖော်ပြထားသည် ။

အဆိုပါကြေငြာချက်ကို ဧပြီလ ၂၇ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်ကတည်းက (အသက် ၁၈ နှစ်မပြည့်သေးသည့်) သျှမ်းအမျိုးသမီးတဦးအား တရုတ်စီးပွါးရေးလုပ်ငန်းရှင် ရှင်းဟွာကုမ္မဏီပိုင်ရှင်နှင့် သားမက်ဖြစ်သူမှ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအပြင် အကြမ်းဖက်မှုကို ယနေ့အထိ တရားစီရင်ရေးမှ တရားမစီရင်ပေးသေးသည့်အပေါ် SWAN မှ ထောက်ပြထားသည် ။

“ ပြီးခဲ့တဲ့ကာလတလျှောက်လုံးပြန်ကြည့်ရင် တရားစီရင်ရေးမှာ ပိုက်ဆံချမ်းသာသူကဘဲ အမှုမှာ နိုင်တယ် ။ မြန်မာ နိုင်ငံမှာ တရားမျှတမှုဆိုတာမရှိခဲ့ဖူးဘူး ဆိုတာကို အစိုးရသစ် သိစေချင်တယ် ။ ပြီးခဲ့တဲ့ အစိုးရ လက်ထက် တွေတုန်းက အဲလို မတရားပြုကျင့်ခံရတဲ့ မိန်းခလေးတွေ ခုချိန်ထိ တရားမျှတစွာ တရားစီရင်ပေးခြင်းမခံရတာ အများကြီးရှိနေဦးမယ်လို့ ယုံကြည်တယ် ။ သူတို့လေးတွေအတွက် ဆောင်ရွက်ပေး စေချင်လို့အခုလိုကြေငြာချက် ထုတ်ပြန် ရခြင်းဖြစ်ပါတယ် ။” – ဟုပြောခွင့်ရှိသူ ယိင်းဟန်ဖှက သျှမ်းသံတော်ဆင့်အား ပြောပြသည် ။

ဖြစ်စဉ်မှာ ၂၀၁၄ ခုနှစ်က မန္တလေးတိုင်း ရှင်းဟွာကုမ္မဏီတာဝန်ခံ မောင်လှစိန်က ကုမ္မဏီ၏ ထမင်းချက် (အသက် ၁၇ နှစ်ရှိ) သျှမ်းအမျိုးသမီးငယ်တဦးအား လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ပြီး တာဝန်ယူ လက်ထပ်မည်ဟု ပြောဆိုခဲ့ကြောင်း ၊ သို့သော် ၃ လအကြာ ပေါင်းသင်းနေထိုင်ခဲ့ပြီး ကိုယ်ဝန်ရလာမှ လက်မထပ်သည့်အပြင် အမျိုးသမီးငယ်အား ကျပ်သိန်း ၄၀၀ ပေးလျော်မည်ဟု ထပ်မံ ပြောဆိုခဲ့ပြီး ကိုယ်ဝန်ဖျက်ချဆေးကို အားဆေးဟု လိမ်ညာ တိုက်သဖြင့် ကိုယ်ဝန်ပါပျက်ကျခဲ့ကြောင်း ၊ လျော်ကြေးလည်း မပေးကြောင်း ကျူးလွန်ခံရသူအမျိုးသမီးက ပြောသည်ဟု ဆိုပါသည် ။

အမျိုးသမီးငယ်မှ တရားခံ မောင်လှစိန်အားလိမ်ညာမှုဖြင့် တရားစွဲအမှုဖွင့်ရာ ရှင်းဟွာကုမ္မဏီပိုင်ရှင် ၊ မောင်လှစိန် ၏ ယောက္ခထီးက ကျူးလွန်ခံရသူခလေးမ အား ခေါ်ယူကာ ရိုက်နှက်သည့်အပြင် ခလေးမ အား ခွင့်ပြုချက်မရဘဲ အိမ်တွင်းသို့ ခိုးဝင်သည်ဟု ထပ်မံအမှုဖွင့်တရားစွဲပြန်ကြောင်း ကာယကံရှင်ကပြောသည်ဟု SWAN ၏ ကြေငြာချက် တွင်ဖော်ပြထားသည် ။

တဖက်ကလည်း မိန်းခလေးဘက်မှ စွဲဆိုထားသော အမှုအပြင် – ရှင်းဟွာကုမ္မဏီမှ မိန်းခလေးအားစွဲဆိုထားသော အမှုကိုပါလက်ခံသည့် မူစယ်မြို့ တရားသူကြီး ဦးစည်သူထွန်း တဦးတည်းမှ အမှု ၂ ခုစလုံးကို ကြားနာ စစ်ဆေး နေသည့် တရားစီရင်ရေးစနစ်ကိုလည်း အံ့ဖွယ် တွေးတောဖွယ်ဖြစ်ရကြောင်း SWAN ကပြောဆိုသည် ။

“ တရုတ်လုပ်ငန်းရှင်တွေက ငွေကြေးကိုလမ်းခင်းပြီး အမှုတွေကိုကျော်လွားတယ် ။ စော်ကားခံရတဲ့ အမျိုးသမီးလေးတွေဘက်က ဘယ်သူမှရပ်တည်မှုမပေးခဲ့ဖူးဘူး ။ အစိုးရအပါအဝင်ပေါ့နော် ။ ဒါကြောင့် အစိုးရသစ်ကို ဒီအကြောင်းသိစေချင်တယ် ။ တိုင်းတပါး စီးပွါးရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံတရားစီရင်ရေးအပေါ် လွမ်းမိုးခြယ်လှယ် ခွင့်ပေးနေတာဟာ နိုင်ငံတော်အချုပ်အခြာအာဏာ ကိုထိပါးစော်ကားခွင့်ပြုနေတာဘဲဖြစ်တယ် – လို့သတိပေးလိုပါတယ် ။ ” – ဟု ယိင်းဟန်ဖ ကပြောပါသည် ။

ထို့ကြောင့်ငွေရှင်ကြေးရှင်များက ဒေသခံအမျိုးသမီးများအပေါ် ကျူးလွန်နေသည်ကို ဆောလျင်စွာရပ်ဆိုင်း ပေးပါရန်နှင့် ကျူးလွန်ခံနေရမှုကို လျစ်လျူရှုခြင်းမပြု အရှိန်မြင့်ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းသည်ဟု စွမ်းအဖွဲ့က ပြောဆိုပါသည် ။

“ SWAN အနေနဲ့ကတော့ အစော်ကားခံ အဖိနှိပ်ခံ အမျိုးသမီးတွေဘက်က ရပ်တည်ပေးသွားမယ် ။ အဲဒီလို အမျိုး သမီးတွေ မတရားကျူးလွန်ခံနေရတဲ့အပေါ် ကူညီပေးပါ ဖေးမပေးပါလို့ မိဘပြည်သူလူထုအားလုံးကိုလည်း အားလုံးကိုတောင်းဆိုချင်တ ယ်။ များသောအားဖြင့် အရှက်တရားကြောင့် မိဘဆွေမျိုးသားချင်းတွေက အမှုကို ဒီအတိုင်းဘဲ ပစ်ထားကြတယ် ။ အခုခေတ်မှာ အဲ့လိုမဖြစ်သင့်တော့ပါဘူး ။ မတရားမှုကို တရားမျှတစွာ စီရင်ဖို့အတွက် အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ပေးစေချင်ပါတယ် ။ ”- ဟုယိင်းဟန်ဖက တိုက်တွန်းပြောဆိုပါသည် ။

သျှမ်းသံတော်ဆင့်